International

လေယာဉ်မယ်တွေရဲ့ အပြုံးလေးတွေ မြင်ရဖို့ နှာခေါင်းစည်းတွေ ဖယ်ရှားပေးဖို့ ခရီးသည်တွေ တောင်းဆို

လေယာဉ်မယ်တွေရဲ့ အပြုံးလေးတွေ မြင်ရဖို့ နှာခေါင်းစည်းတွေ ဖယ်ရှားပေးဖို့ ခရီးသည်တွေ တောင်းဆိုနေ

ဂရုဒါအင်ဒိုနီးရှား လေကြောင်းလိုင်းဟာ လေယာဉ် ၀န်ထမ်းတွေရဲ့ မျက်နှာပေါ်က နှာခေါင်းစည်းတွေကို ဖယ်ရှား အစားထိုးဖို့ စီစဉ်နေပါတယ်။ လေယာဉ်စီး ခရီးသည်တွေက နှာခေါင်းစည်းတွေဟာ လေယာဉ်မယ် လေးတွေရဲ့ ဖော်ရွေ နှစ်လိုဖွယ်ရာ အပြုံးလေးတွေကို ဖုံးကွယ်နေပြီး ဒါကိုသူတို့ မနှစ်သက်ဘူးလို့ ဆိုကြပါတယ်။

ဂရုဒါအင်ဒိုနီးရှား လေကြောင်းလိုင်းကို မေလ ရ ရက်နေ့က ပြန်လည် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် အမှုထမ်းတွေဟာ လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နှာခေါင်းစည်းတွေ လက်အိတ်တွေကို ၀တ်ဆင်ကြရ ပါတယ်။

ဒါပေမယ့် ဂရုဒါင်ဒိုနီးရှား လေကြောင်းလိုင်း ဥက္ကဌ အီဖန် ဆာတီယာပူထရာက ကုမ္ပဏီအနေနဲ့ နှာခေါင်းစည်း ၀တ်ဆင်ထားတာကြောင့် လေယာဉ် အမှုထမ်းတွေရဲ့ မျက်နှာကို ကြည်ကြည်လင်လင် မမြင်တွေ့ကြရဘူးလို့ ခရီးသည်တွေက ပြောကြတာကို သိရပါတယ်။

“ ခရီးသည်တွေက လေယာဉ်မယ် လေးတွေက နှာခေါင်းစည်းတွေ ၀တ်ထားတော့ သူတို့ မျက်နှာက ပြုံးနေတာလား၊ မှုန်ကုပ်ကုပ် ဖြစ်နေတာလားဆိုတာ မမြင်ရဘူးလို့ မကျေမနပ် ပြောကြတယ် ” လို့ အီဖန်က အင်္ဂါနေ့မှာ အွန်လိုင်းကနေ ပြောတယ်လို့ Kompass ၀က်ဘ်ဆိုက် က ကိုးကား ရေးသားထားပါတယ်။

ခရီးသည်တွေရဲ့ တောင်းဆိုမှုကို ဖြေရှင်းဖို့အတွက် နှာခေါင်းစည်းတွေ နေရာမှာ မျက်နှာ အကာတွေကို တဖြည်းဖြည်း ပြောင်းလဲအစားထိုး သွားမယ်လို့လည်း အီဖန်က ဆိုပါတယ်။ လေယာဉ်ပေါ်မှာ အပြန်အလှန် အကျိုးပြုမှုဆိုတာ ရှိပါတယ်၊ အနည်းဆုံးတော့ လေယာဉ်စီးရတာ သက်သောင့်သက်သာနဲ့ လုံခြုံ စိတ်ချရမှုတော့ ရရှိစေပါတယ် လို့လည်း အီဖန်က ဆိုပါတယ်။

“ ဂရုဒါလေကြောင်းလိုင်းတွေမှာ အခုချိန်မှာ အရေးကြီးဆုံး အချက် နှစ်ချက်ရှိတယ်၊ လုံခြုံစိတ်ချရမယ်၊ သက်သောင့်သက်သာ ရှိရမယ်၊ ဦးစားပေးမှုကတော့ အရင်ဆုံးပါ ”လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ လေကြောင်း ပျံသန်းရေး ညွန်ကြားရေးမှူးချုပ်ကလည်း လေယာဉ် အမှုထမ်းတွေအနေနဲ့ တာဝန်ကို အနှောက်အယှက် ဖြစ်စေတဲ့ ပီပီအီးဝတ်စုံ ၀တ်ဆင်တာကလွဲလို့ သူတို့တာဝန် ချိန်တွေမှာ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ ၀တ်ဆင်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့ စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။

လေယာဉ် စီးနင်းမယ့် ခရီးသည် အရေအတွက် ကိုလည်း ကန့်သတ်ထားပြီး ယခင်က ငါးဆယ် ရာခိုင်နူန်းသာ ခွင့်ပြုခဲ့ တာကနေ ယခုအခါ တင်ဆောင်နိုင်မယ့် ခရီးသည် အရေအတွက်ရဲ့ ၇၀ ရာခိုင်နူန်း တင်ဆောင်ဖို့ တိုးမြှင့် ခွင့်ပြုထားပါတယ်။

Source ; Kumudra

error:
Close